အာဏာရှင်မှန်သမျှ ကျဆုံးစေရမည်

_____________________________________________
_____________________________________________
_____________________________________________
ဝဲသြဃမှာ တေးသံပြိုင်လို့
_____________________________________________
  Web search
 
Copyright©2011 အလင်းအိမ် Alineain Magazine

ဧရာဝတီကို ကာကွယ်ကြစို့

(၁) ကွယ်လွန်သွားသော မြစ်ကြီးများ
မြစ်ကြီးတစ်စင်းရဲ့ အဓိကရှင်သန်မှုက ခရီးမိုင်ပေါင်းများစွာ၊ တောင်တန်းတွေ၊ တောအုပ်တွေ၊ ရှိုမြောင်တွေ၊ လွင်ပြင်တွေ၊ မြို့ရွာတွေ၊ အကွေ့အကောက် ထောင်ပေါင်းများစွာကို ဖြတ်သန်းစီးဆင်းပြီး ပင်လယ်(သို့မဟုတ်) သမုဒ္ဒရာ ထံပေါင်းစပ်ခိုလှုံရခြင်းပါ၊ ပင်လယ်ထံ ရောက်အောင်မစီးဆင်းနိုင်တော့တဲ့ မြစ်ကြီးတွေကို သေဆုံးတယ်လို့သတ်မှတ်ကြပါတယ်၊မြစ်ကြီးသေဆုံးသလို မြစ်ကိုအမှီပြုရှင်သန်ကြတဲ့ ပြည်သူများရဲ့ ဘဝရပ်တည်မှုတွေလဲအကြီးအကျယ်ပျက်ဆီးကြရတာပါ၊ သဘာဝတရားကြောင့်ဖြစ်စေ၊ လူတို့ရဲ့ ဖန်တီးမှုကြောင့်ဖြစ်စေ လူ့သမိုင်းတလျှောက်မှာ သေဆုံးခဲ့ရတဲ့ မြစ်ကြီးတွေအများကြီး ရှိခဲ့ပါတယ်၊လူ့ပယောဂကြောင့် သေဆုံးခဲ့ရတဲ့ ထင်ရှားတဲ့ မြစ်ကြီး တစင်းကတော့ တရုတ်ပြည်က မြစ်ဝါမြစ် ကြီး (Yellow River) ပဲဖြစ်ပါတယ်၊တရုတ်ပြည်ရဲ့ အဓိကမြစ်ကြီး သုံးစင်း (ယန်ဇီ၊ မဲခေါင် နဲ့ မြစ်ဝါ) ထဲက မြစ်ဝါမြစ်ကြီးကို တရုတ်ပြည်ရဲ့ မိခင်မြစ်ကြီးလို့သတ်မှက်တင်စားကြပါတယ်၊ နှစ်ပေါင်း ၂၀၀၀ ကျော်သက်တမ်းရှိခဲ့ပြီး တရုတ်ပြည်မြောက်ပိုင်း တိဘက်ဒေသက ရေခဲတောင်များဆီကအစပြု၊ တရုတ်ပြည်ကြီးတခုလုံးကို မိုင်ပေါင်း ၃၄၀၀ ကျော်ဖြတ်သန်းပြီး ဘိုဟိုင်းပင်လယ် (The Bo Hai Sea) ထံ စီးဝင်ခဲ့တာပါ၊ တရုတ်နိုင်ငံသားတွေအတွက် ဒီမြစ်ကြီးဟာ အီဂျစ်နိုင်ငံက နိုင်းမြစ်ကြီးလိုပါပဲ၊ ယဉ်ကျေးမှုတို့မွေးဖွားရှင်သန်ရာ၊ နှစ်ပေါင်းထောင်ချီတည်တံ့ခဲ့တဲ့ အောင်မြင်မှုများရဲ့ အထိမ်းအမှတ်၊ ကြောက်ရွံ့ပြီး ခန့်ငြားရတဲ့ သဘာဝအင်အားစုကြီး၊ ဖြစ်ခဲ့ပါတယ်၊ အခုတော့ အဲဒီ မြစ်ဝါမြစ်ကြီးဟာ သေဆုံးနေပါပြီ၊လူတွေဖန်တီးတဲ့ အညစ်အကြေးတွေ စွန်းထင်း၊ အမှိုက်သရိုက်တွေပြည့်နှက်၊ မြောက်များလှစွာသော ဆည်ကြီးများ၊ ရေကာတာကြီးများရဲ့ လည်မျိုညှစ် အနိုင်ကျင့်ခံရမှုတွေ နဲ့သူ့ရေဟာ အရင်လိုမသန့်ရှင်းတော့၊သူ့ရေစီးဟာအရင်လိုမတည်ညိမ်တော့၊ သူ့ရေပမာဏဟာ အရင်လိုမများပြားတော့၊ သူ့ရဲ့ ခရီး ဟာလဲ ပင်လယ်ဆီ မရောက်နိုင်တော့၊ ဒီနေ့မှာတော့ သေဆုံးနေတဲ့ မြစ်ဝါမြစ်ကြီးဟာ တရုတ်ပြည်ရဲ့ သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးဂရုမစိုက်မှုကို အထင်အရှားပြသတဲ့ အမှတ်အသားတခုအဖြစ်နဲ့သာ ရပ်တည်နေရပါပြီ၊ တရုတ်ပြည်သူများ နဲ့ ကမ္ဘာတဝှမ်းက တာဝန်သိအဖွဲ့အစည်းများ၊ အစိုးရများက အပြင်းအထန် ထောက်ပြဝေဘန်ကြလို့ အလန့်တကြားနိုးထလာတဲ့ တရုတ်အစိုးရက မြစ်ဝါမြစ်ပြန်လည်ထူထောင်ရေး စီမံကိန်းတွေ စတင်ဆောင်ရွက်နေပေမည့် အလွန်ကိုပဲ နောက်ကျခဲ့ပါပြီ၊ကျနော်တို့ရဲ့ ဧရာဝတီမြစ်ကြီးလဲ မြစ်ဝါမြစ်ကြီးလို ပင်လယ်ဆီမရောက်နိုင်တော့တဲ့ ဘဝမျိုး ကြုံရလောက်အောင်ကိုပဲ အနိုင်ကျင့်ခံနေရပါပြီ၊ ကချင်ပြည်နယ်က မေခ၊ မလိခ မြစ်ဆုံဒေသမှာ တရုတ်အစိုးရပိုင် ကုမ္ပဏီများက ဆောက်လုပ်နေတဲ့ မြစ်ဆုံဆည်စီမံကိန်းကြီး ပြီးသွားခဲ့ရင် ယူနန်ပြည်နယ်ကြီး လျှပ်စစ်ဓာတ်အားတွေအလုံအလောက်ရပြီး စီးပွါးရေးပိုမိုတိုးတက်၊ မြန်မာစစ်ဗိုလ်တွေ နဲ့ အလိုတော်ရိစီးပွါးရေးသမားတွေ အကျိုးအမြတ်ဖြစ်ထွန်းပြီး ဧရာဝတီမြစ်ကြီးကတော့ ကွယ်လွန်သွားတဲ့ မြစ်များစာရင်းထဲ နောက်တိုး ဝင်ရောက်၊ မြန်မာပြည်သူတွေကတော့ လက်ရှိဆင်းရဲနွမ်းပါးမှုထက်အဆပေါင်းများစွာ နိမ့်ကျပြီး ကုန်းကောက်စရာမရှိလောက်အောင်ကို ဆင်းရဲကြ၊ ပျက်ဆီးကြရမှာပါ၊ ဧရာဝတီ ကို မြစ်ဝါမြစ် လိုဘဝမျိုးမရောက်အောင် ကျနော်တို့ အချိန်မီကာကွယ်ကြဖို့ အရေးတကြီး လိုအပ်နေပါပြီ၊
(၂) ဆည်၊ ရေကာတာ၊ ရေလှောင်တမံ
စကားလုံး သုံးလုံးကွဲနေပေမည့် အဓိပ္ပာယ်ကအတူတူပါပဲ၊ မြစ်ကို ဖြတ်ပြီး မြစ်ရေစီးကို ဟန့်တားဖို့ တည်ဆောက်ထားတဲ့ နံရံကြီးတခုပါ၊ အဲဒီနံရံကြီးနဲ့ မြစ်ရေစီးကို တားပြီး အဲဒီမြစ်ရေတွေကို စုဆောင်းဖို့ရေလှောင်ကန် (Reservoir) ခေါ်တဲ့ လူလုပ်ရေကန်ကြီး (Artificial Lake) တခုကို ဆက်စပ်တည်ဆောက်ရပါတယ်၊ အဲဒီလို မြစ်ရေစီးကို ဆည် (သို့) ရေကာတာ (Dam) နဲ့ဟန့်တား၊ မြစ်ထဲက ရေတွေကို ရေလှောင်ကန် (Reservoir) ထဲမှာ စုဆောင်းပြီး ရေလှောင်ကန်နံဘေးမှာ ကပ်လျှက်တည်ဆောက်ထားတဲ့ ရေအားလျှပ်စစ်ဓာတ်ထုတ်လုပ်ရေး တာဘိုင် (Turbine) ကြီးများနဲ့ လျှပ်စစ်ဓာတ်ထုတ်လုပ်ပြီး သွယ်တန်းထားတဲ့ မဟာဓာတ်အားလိုင်းများနဲ့ အလိုရှိတဲ့နေရာကို ပို့ဆောင်ပါတယ်၊ ဒီမြစ်ဆုံဆည်ကရမည့် လျှပ်စစ်ဓာတ်အား အားလုံးနီးပါးကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကို တင်ပို့မှာပါ၊ ရေကာတာမှာ ရေတံခါးကြီးများရှိပါတယ်၊ တာဘိုင်များထဲ ရေတွေ ဖြတ်သန်းပြီး လျှပ်စစ်ဓာတ်အားထုတ်ပြီးတဲ့အခါ အဲဒီ ရေတံခါးကြီးများကတဆင့် မြစ်ထဲကို မလိုအပ်တော့တဲ့ရေတွေ ပြန်ထုတ်ပေးမှာပါ၊ ဒီတော့ မြစ်အထက်က ကျလာတဲ့ ရေကို ရေကာတာကြီးနဲ့ ပိတ်ဆို့ဟန့်တား၊ ရေလှောင်ကန်ကြီးထဲမှာ လိုအပ်တဲ့ ပမာဏရတဲ့အထိ စုဆောင်း၊ လိုအပ်တဲ့ပမာဏရတော့မှ အဲဒီရေတွေကို လျှပ်စစ်ဓာတ်အားထုတ်မည့် တာဘိုင်ကြီးတွေကို ဖြတ်သန်း၊ ပြီးတော့မှ မလိုအပ်တော့တဲ့ရေတွေကို ရေတံခါးကြီးများကတဆင့် မြစ်ရဲ့ အောက်ပိုင်းဆီကို ပြန်လည် ထုတ်လွှတ်ပေးမှာပါ၊ ဒါဟာဖြင့် ရေအားလျှပ်စစ်ဓာတ်ထုတ်မည့် ဆည်စီမံကိန်းတခုရဲ့ ယေဘူယျလုပ်ငန်းစဉ်ပါ၊ဒီတော့ လျှပ်စစ်ဓာတ်အား များများထုတ်ချင်တာနဲ့အမျှ၊ စုဆောင်းရမဲ့ ရေပမာဏက ပိုပြီးများ ပြား၊ ရေကာတာကြီးက ပိုပြီး မြင့်မား၊ ရေလှောင်ကန်ကြီးရဲ့အကျယ်အဝန်းကပိုပြီး ကြီးမားကျယ်ပြန့်၊ အဲဒီရေကာတာကြီး ဆောက်လုပ်ဖို့အတွက် ဆည်ဆောက်လုပ်မည့် နေရာက ဖယ်ရှားပေးရမည့် လူထုရဲ့ ပေးဆပ်ရမှုက ပိုပြီးများပြားပြီး မြစ်အောက်ပိုင်းက လူထုရဲ့ ခံစားနာကျင်ရမှု၊ ဆုံးရှုံးမှုတွေကလဲ ပိုပြီး ကြီးမားနက်ရှိုင်းပါလိမ့်မယ်၊ အခု မြစ်ဆုံဆည် ကိစ္စကို ကြည့်မယ်ဆိုရင် ရေအားလျှပ်စစ် ကီလိုဝတ် ၃သန်း ၆ သိန်း ကနေ ၆ သန်း (3.6 million kw-6 million kw) နှစ်စဉ် ထုတ်လုပ်ဖို့ မျှော်လင့်ထားတာမို့ ဆည်ကြီးရဲ့ အလျား နဲ့ အမြင့်က အင်မတန် ကြီးမားပါတယ်၊ အလျား ပေ ၅၀၀၊ အမြင့် ပေ ၅၀၀ ဆိုတာ အထပ် ၄၉ ထပ် အဆောက်အအုံတခုလောက် မြင့်ပါတယ်၊ ပြီးတော့ ရေလှောင်ကန်ကြီးရဲ့ ဧရိယာ အကျယ်အဝန်းကလဲ ၂၉၅ ဒဿမ ၈ စတုရန်းမိုင် ဆိုတော့ ဧရိယာစတုရန်းမိုင် ၂၃၁ ဒဿမ ၂ ရှိတဲ့ မဟာရန်ကုန်မြို့တော်ထက်လဲကြီး၊ ဧရိယာစတုရန်းမိုင် ၂၆၈ ရှိတဲ့ စင်္ကာပူမြို့ကြီးထက်လဲ ကြီးပြီး၊ အမေရိကန်ပြည်ထောင်စုက ဧရိယာစတုရန်းမိုင် ၃၀၁ ရှိတဲ့ နယူးယောက်မြို့တော်ကြီးလောက်ကို ကျယ်ဝန်းလှပါတယ်၊ ဒီလောက်ကြီးမားတဲ့ ရေလှောင်ကန်ကြီးကို ဆောက်ဖို့ မြစ်ဆုံဒေသတဝိုက်က ကျေးရွာပေါင်း ၄၇ရွာ ရွှေ့ပြောင်းပေးရမှာဖြစ်ပြီး ကချင်လူမျိုး ၂၀၀၀၀ ကျော် သူတို့ရဲ့ ဇာတိမြေ၊ သူတို့ရဲ့ ဘိုးစဉ်ဘောင်ဆက်က အမွေအနှစ်တွေကို ဆုံးရှုံးကြရမှာပါ၊ ပိုပြီးကြီးမားတဲ့ ဆုံးရှုံးမှုကတော့ ရေအောက်ရောက်သွားတော့မည့် အမြဲစိမ်းသစ်တောကြီးတွေ၊ တောင်တန်းတွေ ၊လွင်ပြင်တွေနဲ့ ကချင်လူမျိုးများအမွန်အမြတ်တန်ဘိုးထားကြတဲ့ ဖခင်နဂါးကြီးနဲ့ သား နဂါးနှစ်ကောင် မွေးဘွားရာ၊ ပျော်မြူးရာ မြစ်ဆုံဒေသကို ဆုံးရှုံးရမှာပါ၊ ဒီဆုံးရှုံးမှုတွေကို ဘယ်လို လျော်ကြေးနဲ့မှ အစားထိုးလို့မရနိုင်ပါ၊
(၃) မြစ်အောက်ပိုင်းမှ ဆုံးရှုံးမှုများ
ပိုပြီးရှင်းအောင် အမှတ်စဉ်ထိုးပြီး ပြောပြချင်ပါတယ်၊(က) အလျား ပေ ၅၀၀၊ အမြင့်ပေ ၅၀၀ ရှိတဲ့ ရေကာတာကြီးက မေခနဲ့ မလိခ မြစ်ကြီး နှစ်စင်းက စီးဆင်းလာတဲ့ရေတွေကို ပိတ်ဆို့ဟန့်တားပြီး နယူးယောက်မြို့ကြီး လောက် ကျယ်ပြန့်ပြီး ၆၆ ထပ် အဆောက်အအုံတခုလောက်မြင့် (ပေ ၉၅၀) တဲ့ ရေလှောင်ကန်ကြီးထဲမှာ အရင်သိမ်းဆည်းထားလိုက်မှာပါ၊ ဒါကြောင့်မို့ ဧရာဝတီမြစ်ကြီးရဲ့ ပင်မအစဟာ မေခ နဲ့ မလိခမဟုတ်တော့ပါ၊ မြစ်ဆုံဆည်ကြီး ဖြစ်သွားပါပြီ၊ မြစ်ဆုံဆည်ကြီးက ရေလွှတ်ပေးမှသာ ဧရာဝတီ ဆက်လက်စီးဆင်းနိုင်မှာပါ၊(ခ) အဲဒီ ရေလှောင်ကန်ကြီးထဲမှာ လိုအပ်တဲ့ ရေပမာဏရဖို့ အချိန်အတော်ကြာ စုဆောင်းရမှာပါ၊ အချို့ ဆည်ကြီးတွေ မှာ ရေကာတာအပြည့် ရေစုချိန် တနှစ်ကနေ တနှစ်ခွဲ ကြာပါတယ်၊ ရေလှောင်ကန်ကြီး ရေစုနေတဲ့အချိန်မှာ ဧရာဝတီမြစ်ကြီးထဲ ရေစီးမှာမဟုတ်ပါ၊(ဂ) ရေလှောင်ကန်ထဲမှာ ရေပြည့်ပြီးတဲ့နောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပြီး မလိုတော့တဲ့ ရေကို ရေတံခါးကြီးများက တဆင့် ဧရာဝတီမြစ်ထဲ ထုတ်လွှတ်မှာဖြစ်ပါတယ်၊ ဧရာဝတီ ပြန်လည်စီးဆင်းနိုင်ပါလိမ့်မယ်၊ ဒါပေမည့် ရေတွေက ညစ်ပါတ် ပြီး မသန့်ရှင်းတော့ပါ၊(ဃ) ရေကာတာက ထုတ်လွှတ်တဲ့ ရေက မသန့်ရှင်းတော့လို့အဲဒီရေ (Polluted Water) ကို သောက်သုံးကြရမည့် လူတွေ၊ တိရိစ္ဆာန် တွေ အတွက် ရောဂါဘယတွေ ရစေပါတယ်၊ ရေလှောင်ကန်ကြီးကိုယ်တိုင်က ခြင်လို ငှက်ဖျား စတဲ့ ရောဂါဘယဖြန့်ဝေတတ်တဲ့ ပိုးမွှားတွေ စုဝေးပွါးများရာ ဒေသကြီးဖြစ်လာပြီး ပါတ်ဝန်းကျင်လူထုရဲ့ ကျန်းမာရေးကို အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်၊(င) မေခ နဲ့ မလိခ မြစ်များက စီးဆင်းလာတဲ့ ရေဟာ နုံးများ၊ သဲများကိုပါသယ်ဆောင်လာခဲ့ပြီး အဲဒီ နုံးတွေ၊ သဲတွေ (Sediment) က ဧရာဝတီမြစ်ကြောင်း တလျှောက် မြစ်ညာပိုင်းမှာ မြေဩဇာအင်မတန်ကောင်းတဲ့ နုံးတင်မြေနုတွေ ဖန်တီးပေးပြီး မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးလုပ်ငန်းကို အကြီးအကျယ် ထောက်ပံ့နေတာတာပါ၊ ဆည်ကြီး ပြီးသွားရင်တော့ အဲဒီ နုံးတွေဟာ ရေလှောင်ကန်ကြီးရဲ့ အောက်ခြေမှာပဲ အနည်ထိုင်ကျန်ရစ်ခဲ့ပြီး မြစ်အောက်ပိုင်းကို ဘယ်လိုမှ ရောက်မှာမဟုတ်တော့ပါ၊ နုံးတင်မြေနုပါးရှားသွားမည့် မြစ်ဝကျွန်းပေါ်မှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်ပါလိမ့်မယ်၊(စ) ဆည်ကြီးကပဲ မြစ်အတွင်း ငါးအပါအဝင် ရေနေသတ္တဝါ များရဲ့ မြစ်ဖျားကနေ မြစ်ကြောင်းတလျှောက် ရွှေ့ပြောင်းသွားလာမှုကို ပိတ်ဆို့ဟန့်တားလိုက်ပါလိမ့်မယ်၊ ငါးမျိုးဆက်တုံးမှု၊ အရေအတွက်ရှားပါးမှုတွေက ရေလုပ်ငန်းလုပ်ကိုင်သူများကို အကြီးအကျယ် ထိခိုက်ပါလိမ့်မယ်၊(ဆ) မြစ်ရေပမာဏနဲ့ ရေစီးကို ဆည်ကြီးက ထိန်းချုပ်လိုက်ပြီမို့လို့ မြစ်အတွင်း သင်္ဘောများ၊ မော်တော်များ၊ လှေ များနဲ့ ခရီးသွားလာမှုဟာ ပိုပြီးခက်ခဲလာပါလိမ့်မယ်၊ မြန်မာနိုင်ငံရဲ့ မြို့ပေါင်း၊ ရွာပေါင်းများစွာ၊ ဆိပ်ကမ်းပေါင်းများစွာဟာ ဧရာဝတီ မြစ်ကြောင်းတလျှောက် ဝဲ၊ယာ တဘက်တချက်မှာ တည်ရှိနေကြပြီး ခရီးသွားလာရေး နဲ့ ကုန်စည်စီးဆင်းမှု အတွက် ဒီမြစ်ကြီးကို မြန်မာနိုင်ငံရဲ့ လူဦးရေ ၆၀%က အားကိုးနေရတာပါ၊ ရေနည်းသွားတဲ့ မြစ်ကြီးအတွင်း၊ ရေတိမ်သွားတဲ့ မြစ်ကြီးအတွင်း၊ ရေစီးနည်းပြီး မမှန်တဲ့ မြစ်ကြီးအတွင်းမှာ သင်္ဘောများ၊ မော်တော်များ၊ လှေ များ မိုးရာသီကလွဲရင် ကျန်တဲ့အချိန်တွေမှာ သွားလာနိုင်မှာမဟုတ်တော့ပါ၊(ဈ) ရေစီးနှေးပြီး ရေပမာဏနဲ သွားတဲ့ မြစ်ကြီးရဲ့ ကမ်းပါးတဖက်တချက်က မြစ်ရေကိုအမှီပြုပြီးပေါက်နေတဲ့ ဒီရောက်တောတွေ ပျက်စီး ကုန်ပါလိမ့်မယ်၊ ဒီရောက်တောတွေ မရှိတော့တဲ့အတွက် ကမ်းပါးတွေ ပြိုကျပြီး ဧရာဝတီ မြစ်နဲ့ မြစ်လက်တက်များအတွင်းမှာ သောင်ထွန်းပြီး အဲဒီ မြေပမာဏက ရေပမာဏထက် ပိုများးလာပါလိမ့်မယ်၊ ရေနည်းသွားတဲ့ မြစ်ကြီးနဲ့ ဒီရောက်တောတွေ ပျက်သုံးမှုက ဧရာဝတီမြစ်ဝှမ်းဒေသ ကို ခြောက်သွေ့ဇုံအဖြစ် အသွင်ပြောင်းလိုက်ပါလိမ့်မယ်၊(ည) တခါတရံ မိုးအပြင်းအထန် နဲ့ အဆက်မပြတ်ရွာသွန်းတဲ့ အခါ ဆည်ထဲမှာ ရေပမာဏက ဆည်က ထိန်းထားနိုင်တာထတ် အဆမတန်ပိုများလာတတ်ပါတယ်၊ အဲဒီအခါမှာ ရေအင်အားကြောင့် ဆည်ပြိုကျမှာကို ရှောင်တဲ့အနေနဲ့ ဆည်ရေတံခါးတွေကို ဖွင့်ပြီး ရေတွေ ရုတ်တရက် ထုတ်ပစ်တတ်ကြပါတယ်၊ အဲဒီ အရေးပေါ်ရေထုတ်မှုက ဧရာဝတီမြစ်ထဲကို တောင်ကျချောင်းရေတွေ ဒလဟော အရှိန်အဟုန်ကြီးမားစွာ စီးဆင်းလာသလိုမျိုး ဖြစ်ပါလိမ့်မယ်၊ မြစ်ထဲမှာလဲ ကမ်းပြိုထားလို့ သောင်တွေက ကမ်းပါးထက်ပိုမြင့်နေတဲ့ အချိန်၊ ကမ်းပါးမှာလဲ ဒီရောက်တောတွေ မရှိတော့တဲ့ အချိန်မှာ ဒီ ရေစီးဆင်းမှုက မြစ်နဲ့ မလှမ်းမကမ်းက မြို့ရွာများကို ရေလွှမ်းမိုးတဲ့ အထိ ဖြစ်နိုင်ပါတယ်၊ကချင်ပြည်နယ်အတွင်းက မြို့ကြီးများ အားလုံးနီးပါး ဒီရုတ်တရက်ရေလွှမ်းမိုးမှုဒဏ်ကို မကြာခဏ ခံစားကြရမှာပါ၊(ဋ) မြန်မာနိုင်ငံမှာ ခြောက်သွေ့တဲ့အချိန်၊နွေရာသီ (ဖေဖော်ဝါရီ လ ကနေ မေ လအတွင်း) ဆည်ထဲမှာလဲ ရေနည်းမှာမို့ ဆည်က ရေပြန်ထုတ်တာလဲ အလွန်နည်းပြီး ဧရာဝတီမြစ်အတွင်း ရေစီးဆင်းမှု မရှိသလောက်ဖြစ်တော့မှာပါ၊ အဲဒီအချိန်မှာ ဧရာဝတီမြစ် စီးဝင်ရမည့် ဘင်္ဂလားပင်လယ် (Andaman Sea) က ရေတွေက ဧရာဝတီမြစ်ဘက်ကို ပြန်လည်စီးဝင်ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်တခုလုံး ဆားငံရေတွေ လွှမ်းသွားပါလိမ့်မယ်၊ နွေကုန်လို့ မိုးရာသီ စပါးစိုက်ပျိုးရမည့်အချိန်မှာ ဆားငံရေလွှမ်းပြီး ပျက်ဆီးနေတဲ့ လယ်မြေတွေက မြန်မာနိုင်ငံ လယ်သမားထုကြီးရဲ့ အကျိုးစီးပွါးကို အကြီးအကျယ်ထိခိုက်မှာ ဖြစ်သလို မြန်မာတနိုင်ငံလုံး ဆန်စပါးရှားပါးမှု၊ စားနပ်ရိက္ခာမလုံလောက်မှုများ ဖြစ်ပေါ်ပါလိမ့်မယ်၊
အထက်မှာ တင်ပြထားတာတွေနဲ့ သဘာဝပါတ်ဝန်းကျင် ပျက်ဆီးမှု၊ ရာသီဥတုဖောက်ပြန်မှု၊ ရှားပါး သစ်ပင်များ၊ ပန်းများ၊ရေနေသတ္တဝါများ၊ ငှက်မျိုးစုများ မျိုးတုန်းပျောက်ကွယ်မှု၊ တွေပေါင်းစပ်လိုက်မယ်ဆိုရင် တရုတ်အစိုးရရဲ့ ဧရာဝတီမြစ်ဖျားမှာ မြစ်ဆုံဆည် တည်ဆောက်ခြင်းဟာ မြန်မာပြည်သူ သန်းပေါင်းများစွာ ကို စီးပွါးရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အသက်ရှင်သန်ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ နိုင်ငံရေး အဘက်ဘက်က အတိုင်းအဆမရှိပျက်စီးစေမှာပါ၊ သူတို့ရဲ့ နိုင်ငံမှာ မြစ်ဝါမြစ် ကြီး သေဆုံးသွားတဲ့ သာဓက အထင်အရှားရှိရက်နဲ့ ကျနော်တို့နိုင်ငံက မိခင်မြစ်ကြီးကို သတ်ဖို့ကြိုးစားနေတာဟာ တရုတ်အစိုးရက မြန်မာပြည်သူများကို တိုက်ရိုက်ဖိနှိပ်စော်ကားနေတာလို့ ကျနော် ယူဆပါတယ်၊ တရုတ်အစိုးရ နဲ့ပူးပေါင်းပြီး မြန်မာ ပြည်သူများကို လူ့အခွင့်အရေးချိုးဖောက်နေတဲ့၊ မြန်မာနိုင်ငံရဲ့ မိခင်မြစ်ကြီးကို သတ်ဖြတ်နေတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကိုလဲ အလွန်အံ့ဩမိပါတယ်၊ တကယ်တော့ သူတို့တွေ လဲ မျိုးရိုးစဉ်ဆက် ဧရာဝတီ နဲ့ ကြီးပြင်းပြီး ဧရာဝတီရဲ့ စောင့်ရှောက်မှုကို ခံယူခဲ့ကြရသူတွေပါ၊ ဧရာဝတီ ဟာကျနော်တို့ အားလုံးရဲ့ အမေ ဖြစ်သလို့ သူတို့ရဲ့ အမေလဲ ဖြစ်ပါတယ်၊ ဧရာဝတီ ရဲ့ကျေးဇူးတွေ သူတို့အပေါ်မှာလဲ အများကြီးရှိပါတယ်၊
(၄) ဆင်းရဲနွမ်းပါးမှု လျှော့ချရေး
ဦးသိန်းစိန် ကြံ့ဖွံ့သမ္မတဖြစ်လာပြီးတဲ့နောက် မြန်မာနိုင်ငံတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုလာကြတာကတော့ "ဆင်းရဲနွမ်းပါးမှု လျှော့ချရေး နဲ့ပပျောက်ရေး" ပါပဲ၊ ဦးသိန်းစိန် ကဦးဆောင်ပြီး ဆွေးနွေးပွဲတွေ၊ စာတမ်းဖတ်ပွဲတွေ အကြီးအကျယ်ပြုလုပ်နေကြတာပါ၊ ဦးသိန်းစိန် ရဲ့ စီးပွါးရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်ကလဲ၂၀၁၁ခုနှစ် မေလ ၂၀-၂၁၊ နေပြည်တော်မှာကျင်းပတဲ့ "ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ" မှာ "မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ရှေ့ဆက် ဆောင်ရွက်ရန်များ" ဆိုတဲ့ စာတမ်းတစောင်တင်သွင်းခဲ့ပါတယ်၊ သူ့ရဲ့ စာပိုဒ်ပေါင်း ၉၇ ပုဒ်ရှိတဲ့ စာတမ်းမှာ စာပိုဒ် အမှတ် ၅၇ ကနေ ၈၇ အထိ စာပိုဒ်ပေါင်း ၃၀ နဲ့ မြန်မာနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေး ကဏ္ဏကို ဦးစားပေး တင်ပြသွားတာတွေ့ရပါတယ်၊ သူ့ရဲ့ တင်ပြချက်တွေကတော့ လယ်ယာကဏ္ဏကို မြှင့်တင်ခြင်းဟာ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးအတွက် အဓိကကျကြောင်း အစချီပြီး ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကို ပြည်တွင်းဖူလုံရုံမက ပြည်ပကို တိုးမြှင့်တင်ပို့ရောင်းချနိုင်ဖို့၊ ကမ္ဘာပေါ်မှာ အဓိက ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရောင်းချတဲ့ နိုင်ငံအဆင့်ကို အရောက်လှမ်းဖို့၊ အဲဒီအတွက် အစိုးရ ရဲ့မူဝါဒချမှတ်မှု၊ ဝန်ကြီးဌာနများရဲ့ အကောင်အထည်ဖော်မှု၊ လယ်သမားများနဲ့ ပုဂ္ဂလိက ကုမ္ပဏီများရဲ့ အခန်းကဏ္ဏ၊ တိကျမှန်ကန်တဲ့ စာရင်းဇယားများပြုစုမှု၊ လယ်သမားများကို အခွင့်အရေးအကောင်းဆုံးဖန်တီးပေးဖို့ နဲ့ ဈေးကွက်အသစ်တွေ ရှာဖွေဖို့၊ မြေယာပိုင်ဆိုင်မှုတွေ ကို ပြင်ဆင်ဖို့ စသဖြင့် အကြံပြုထားတာတွေ့ရပါတယ်၊ အခြား စီးပွါးရေး အကြံပေးများကလဲ စာတမ်းတွေတင်ကြ၊ ဆွေးနွေးကြပါတယ်၊ ဒါပေမည့် သူတို့ရဲ့ စာတမ်းတွေက ဦးမြင့် ရဲ့စာတမ်းလို လူထုကြားထဲရောက်မလာတဲ့အတွက် ဘာတွေ အကြံပြုတယ်ဆိုတာ မသိနိုင်ပါ၊ဒါပေမည့်လဲ ဒေါက်တာဦးမြင့်ရဲ့ စာတမ်းမှာ ဧရာဝတီမြစ်ကြီး ရဲ့ အရေးကြီးမှုအကြောင်း တလုံးမှမပါတာတွေ့ရပါတယ်၊ မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ပပျောက်ရေးအတွက် မြန်မာနိုင်ငံရဲ့ အဓိက စီးပွါးရေးဖြစ်တဲ့ လယ်ယာကဏ္ဏကို မြှင့်တင်ရမယ်၊ ကမ္ဘာ့ ဆန်အထွက်ဆုံး နိုင်ငံဖြစ်အောင် ကြိုးစားရမယ်၊ လယ်သမားတွေ အတွက်အကျိုးစီးပွါးတွေ ဖန်တီးပေးရမယ်ဆိုတာ မှန်ကန်တဲ့ အကြံပြုချက်ပါ။ ဒါပေမည့် အဲဒီ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းရဲ့ အဓိက အားထားရာ၊ ဧရာဝတီမြစ်ကြီး ကို ဘယ်လို ကာကွယ်သင့်တယ်၊ စောင့်ရှောက်သင့်တယ် ဆိုတာတွေ တလုံးတပါဒမှ ဆွေးနွေး၊အကြံပေးတာ မတွေ့ပါ၊ ကျနော်က ဆရာ ဦးမြင့်လို စီးပွါးရေးပညာရှင်မဟုတ်ပေမည့် ဧရာဝတီ ကို မကယ်တင်၊ မကာကွယ် ၊မထိန်းသိမ်းပဲနဲ့ မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု ပပျောက်ဖို့မပြောနဲ့၊ လျော့ကျအောင်တောင်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်၊ ဧရာဝတီမြစ်ကြီးများ မြစ်ဝါမြစ်လို သေဆုံးသွားခဲ့ရင် ကျနော်တို့ပြည်သူတွေဟာ ကုန်းကောက်စရာတောင် ရှိမှာမဟုတ်တော့ဘူးလို့လဲ ပြောချင်ပါတယ်၊ ဒါကြောင့်လဲ ဆရာဦးမြင့်အပါအဝင် ပညာရှင်များက မြန်မာစစ်ခေါင်းဆောင်တွေ ကို မြစ်ဆုံဆည်တည်ဆောက်ရေးစီမံကိန်းကြီးကို ရပ်တန့်ဖို့ ရဲရဲတင်းတင်း တာဝန်သိသိ ပြောသင့်တယ်လို့ တောင်းဆိုချင်ပါတယ်၊ မကြာခင်မှာ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ဆွေးနွေးပွဲကို နေပြည်တော်မှာ ထပ်မံကျင်းပဦးမယ်၊ အဲဒီ ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးပါတီများက ကိုယ်စားလှယ်များကိုလဲ ဖိတ်ကြားမယ်လို့ ကြားသိရပါတယ်၊ ဒီတခါဖြင့် တာဝန်ရှိသူများက တာဝန်သိသိနဲ့ ဧရာဝတီ မြစ်ကြီးကို ကယ်တင်ရေး၊ ကာကွယ်ရေး ရဲရဲရင့်ရင့် ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်မိပါရဲ့။